Unicode Roundup (June 2011)

Download PDF here.

ဒီပို့စ်က မြန်မာယူနီကုဒ် လက်ရှိ တိုးတက်မှု ဘယ်လောက်ရှိပြီဆိုတာ မှတ်သားထားတာဖြစ်ပါတယ်။

Unicode Keyboard on iOS by ttkz
Myanmar Keyboard on iOS by ttkz (မှတ်ချက် - ယူနီ မကုတ်တော့ဘဲ ဒဒွေးဖြင့်သတ်ကာ ယူနီကုဒ်ကြပါတော့ရန်။)

၁။ ဒီလင့်က ယူနီကုဒ်စည်းမျဉ်းကို သုံးနေတဲ့ ဖောင့်စာရင်းဖြစ်ပါတယ်။ OSX Lion မှာ ဖောင့်နှစ်မျိုးထပ်ပါပေမဲ့ Publish မလုပ်မချင်း ဖောင့်နာမည်နဲ့ အရေအတွက် ကို အတည်ပြုမရသေးတာကြောင့် ထပ်မဖြည့်ထားသေးပါ။ နောက်ပိုင်း ဖောင့်တိုင်းက ယူနီကုဒ်စည်းမျဉ်းကို လိုက်နာလာရင် ဒီစာရင်းကို အမီလိုက်ဖြည့်နိုင်ဖို့တောင် လွယ်မယ်မထင်ပါ။ လောလောဆယ် ဖောင့်စာရင်းက Myanmar3, Padauk, Parabaik, MyMyanmar, Xenotype, Yunghkio, Masterpiece Uni Sans, Thanlwin တို့ ဖြစ်ပါတယ်။

၂။ ဒါကတော့ လက်ရှိယူနီကုဒ်ဖောင့်တွေအတွက် သုံးနေတဲ့ နည်းပညာ တွေကို စာရင်းပြုစုထားတာဖြစ်ပါတယ်။ အနည်းဆုံး Basic Opentype Features တွေ ကို ထောက်ပံ့ရင် ဘယ် OS ဘယ် ပလက်ဖောင်းမှာမဆို အလုပ်လုပ်တဲ့ ယူနီကုဒ်ဖောင့် ရှိပါပြီ။

Burmese Support in OSX Lion
Burmese Support in OSX Lion

(က) အားလုံးသိတဲ့အတိုင်း OSX Lion က မြန်မာစာကို Support လုပ်ပါပြီ။ Lion သုံးရင် မြန်မာစာဖတ်ဖို့ ဖောင့်သွင်းတယ်ဆိုတာ မလိုတော့ပါ။ Masterpiece Uni Sans, MyMyanmar, Xenotype နဲ့ Myanmar3 တို့လည်း OSX နဲ့ iPhone iPod နဲ့ iPad တွေအတွက်သုံးတဲ့ iOS မှာ သုံးနိုင်ပါပြီ။

(ခ) Myanmar3, Padauk, Parabaik, MyMyanmar, Yunghkio, Thanlwin တို့ Windows XP sp3 နဲ့အထက်မှာ ရပါတယ်။

(ဂ) Linux Distros တွေအတွက် Pango Module ပါရင် Windows မှာ ရတဲ့ ဖောင့်တွေ အကုန်သုံးလို့ ရပါတယ်။ Pango ကို နောက်ပိုင်းထွက်တဲ့ Linux Desktop ဗားရှင်းတွေ အားလုံးလိုလိုမှာ Built-in ထည့်ပေးထားပါတယ်။ Masterpiece Uni Sans က Pango အတွက် Native Version ရှိပါတယ်။

Myanmar Unicode on Adobe Photoshop
Myanmar Unicode on Adobe Photoshop

(ဃ) Adobe က ဘယ် OS မှာမဆို သူ့ထုတ်ကုန်တွေမှာ Basic Opentype Features တွေသာ သုံးခွင့်ပြုပါတယ်။ အဲဒီကန့်သတ်ချက်ကြောင့် ရှေ့နောက်ပြန်စီစဉ်ဖော်ပြရတဲ့ ယူနီကုဒ်တွေ (ခမာ၊ မြန်မာ) ယူနီကုဒ်တွေ Adobe CS မှာ အမှန်မပေါ်ပါ။ Thanlwin ဖောင့်ကတော့ Opentype တစ်မျိုးတည်းသာ သုံးထားတဲ့ဖောင့်ဖြစ်တာကြောင့် Windows နဲ့ OSX က Adobe CS Suite တွေမှာ ကောင်းကောင်း အလုပ်လုပ်ပါတယ်။ ဆိုလိုတာက Opentype တစ်မျိုးတည်းသာ ထောက်ပံ့တဲ့ Environment မှာတောင် ယူနီကုဒ် အလုပ်လုပ်ပါပြီ။

(င) Android, Nook, Kindle မှာ ယူနီကုဒ်အမှန်မပေါ်သေးပါ။ ဘယ်နေရာ ယူနီကုဒ် သုံးလို့ရပြီ၊ ဘယ်နေရာမှာ မရသေး စတာတွေအတွက် သိသာအောင် ဖော်ပြပေးတာ ဖြစ်ပါတယ်။

၃။ MyanmarLanguage.Org ကတော့ ယူနီကုဒ် Developers တွေ၊ မြန်မာစာတိုးတက်ရေးကိုအားပေးသူတွေနဲ့ မြန်မာ NLP Lab ကလူတွေနဲ့ တိုက်ရိုက်ချိတ်ဆက်ထားတဲ့ ဝက်ဘ်ဆိုက် ဖြစ်ပါတယ်။ အကူအညီလိုရင် အဲမှာ ဝင်မေးနိုင်ပါတယ်။

၄။ ဒါကတော့ Mysteryzillion က ပြုစုထားတဲ့ Unicode Package ဖြစ်ပါတယ်။ ယူနီကုဒ်သုံးရာမှာ ကြုံတွေ့နိုင်တဲ့ ပြဿနာတွေ၊ ဖြေရှင်းနည်းတွေကို အစုံအလင်ထည့်ပေးထားရုံမက ဖောင့်နဲ့ ကီးဘုတ်တွေလည်း ထည့်ပေးထားပါတယ်။

၅။ ICU ကို အခုနောက်ဆုံးထွက်တဲ့ Firefox 4, Chrome, Chrome OS, OSX Lion, iOS5 တွေမှာ Support လုပ်ပါပြီ။ ICU ဆိုတာ အတိုပြောရရင်ဆော့ဝဲတွေမှာ မြန်မာစာကို မြန်မာလိုအသင့်သုံးလို့ရအောင် Implement လုပ်ပေးထားတဲ့ Library လို့ ပြောနိုင်ပါတယ်။ ဆိုလိုတာကတော့ ယူနီကုဒ်ဆိုတာ စာမြင်ရအောင်လုပ်တဲ့ ဖောင့်သက်သက် မဟုတ်ဘဲ ကွန်ပျူတာကို ဘယ်ပလက်ဖောင်းမှာမဆို မြန်မာစာနဲ့ တွက်ချက်နိုင်အောင် လုပ်ပေးထားတဲ့ စံစနစ်တစ်မျိုးဖြစ်ကြောင်း ဖော်ပြချက်တစ်ခု ဖြစ်ပါတယ်။

(က) ICU support လုပ်ထားရင် မြန်မာစာလုံးတွေကို ဝဏ္ဏအလိုက် Select မှတ်နိုင်၊ Delete လုပ်နိုင်ပါပြီ။ OSX နဲ့ Linux တွေမှာ OS Level မှာ ဘယ်ဆော့ဝဲမဆို အလွယ်သုံးနိုင်ပါတယ်။ Windows မှာတော့ Firefox 4 နဲ့ Chrome ဘရောက်ဆာတွေမှာ စမ်းကြည့်နိုင်ပါတယ်။ အဲဒီ Feature ကြောင့် စာလုံးကို Select မှတ်လိုက်တဲ့အခါ အောက်မြစ် အသတ်တွေ ကျန်ခဲ့တဲ့ ကိစ္စမျိုး မဖြစ်တော့ပါဘူး။

Linux Myanmar Sorting
Linux Myanmar Sorting
Burmese Sorting on OSX
Burmese Sorting on OSX

(ခ) မြန်မာလို အက္ခရာစဉ်နိုင်ပါပြီ။ Linux နဲ့ OSX Lion  မှာ OS Level မှာ အလွယ် မြန်မာလို စဉ်နိုင်ပါပြီ။ မြန်မာစာ၊ စာအုပ်စာရင်း၊ စာကြည့်တိုက်၊ လူစာရင်း စတာတွေနဲ့ အလုပ်လုပ်နေသူတွေအတွက် အလွန်အသုံးဝင်တဲ့ Feature ဖြစ်ပါတယ်။ လောလောဆယ် Windows မှာ မြန်မာလို မရသေးပေမဲ့ Myanmar Locale ကိုသွင်းလို့ဖြစ်စေ၊ OpenOffice/LibreOffice ကို သုံးလို့ဖြစ်စေ၊ မြန်မာလို အလိုအလျောက်စဉ်နိုင်ပါပြီ။

Calculate With Myanmar Digits
Calculate With Myanmar Digits

(ဂ) OS Level မှာ မြန်မာလို တွက်နိုင်ပါပြီ။ ဒီ Feature ကြောင့် ယူနီကုဒ်သာမက ယူနီကုဒ်ပွိုင့်တွေကို ယူသုံးထားတဲ့ ယူနီကုဒ်မဟုတ်တဲ့ ဖောင့်တွေနဲ့လည်း ဂဏန်းတွက်လို့ရပါပြီ။ အချိန်၊ နေ့၊ လ တွေကိုတော့ ယူနီကုဒ် စည်းမျဉ်းကို လိုက်နာထားတဲ့ ဖောင့်တွေနဲ့သာ တွက်ချက်နိုင်မှာ ဖြစ်ပါတယ်။ OSX, Linux မှာ Native သုံးနိုင်ပြီးတော့ Windows မှာတော့ Locale သွင်းလို့ဖြစ်စေ၊ OpenOffice/LibreOffice သုံးလို့ဖြစ်စေ သုံးနိုင်ပါပြီ။

(ဃ) မိမိ ကွန်ပျူတာမှာ ရက် လ ဂဏန်း နိုင်ငံ စတာတွေကို မြန်မာလို မြင်နိုင်ပါပြီ။ ထုံးစံအတိုင်း OSX နဲ့ Linux မှာ ရပြီးတော့ Windows မှာတော့ Loc​ale သွင်းဖို့ လိုပါတယ်။

Myanmar Unicode Texts Justified
Myanmar Unicode Texts Justified (screenshot credit by ttkz)

(င) စာလုံး စာပိုဒ်တွေ Justify လုပ်တဲ့အခါမှာ Unicode မဟုတ်ရင် ရုပ်ဆိုးပါတယ်။ ယူနီကုဒ်မှသာ သူနဲ့သက်ဆိုင်ရာ ဝဏ္ဏတွေ အုပ်စုလိုက်ရှိပါတယ်။ သဝေထိုးရရစ်တွေ ရှေ့မှာရှိနေတဲ့ ယူနီကုဒ်မဟုတ်တဲ့ ဖောင့်တွေကိုသုံးရင် ရှေ့မှာ သတ်သတ်ကွဲထွက်ကုန်ပါတယ်။

၆။ OSX နဲ့ Linux မှာ မြန်မာစာပါတာဟာ သူတို့ကို ထည့်ပေးပါလို့ တောင်းဆိုလို့ ပါလာတာ မဟုတ်ပါဘူး။ သူတို့သဘောနဲ့ သူတို့ ထည့်ပေးတာသာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလိုထည့်ပေးလို့ရအောင် ယူနီကုဒ် Developers တွေနဲ့ မြန်မာ NLP တို့က ယူနီကုဒ်စံများ အဆိုပြုခြင်း သတ်မှတ်ခြင်း၊ ICU CLDR စတဲ့ Library များကို သတ်မှတ်ခြင်း၊ ယူနီကုဒ်စံကို အခြေခံပြီး ဖောင့်ဖန်တီးရင် လိုအပ်မယ့် အချက်တွေ၊ ဖြစ်ပေါ်နိုင်တဲ့ စာလုံးပုံစံတွေ ပြုစုပေးခြင်း စတဲ့ ဖန်တီးပေးတဲ့ အခြေအနေတွေကြောင့်လို့ ပြောနိုင်ပါတယ်။ လောလောဆယ် Main Vendors နှစ်ခုဖြစ်တဲ့ မိုက်ကရိုဆော့ဖ်နဲ့ ဂူးဂဲလ်မှာ လည်း မြန်မာစာ စပါဖို့ နီးစပ်နေပြီလို့ သတင်းကောင်းပါးလိုပါတယ်။ မြန်မာစာကို Support လုပ်ဖို့အတွက် သူတို့မှာ ဘာလိုလဲ၊ ဘာကြောင့်မလုပ်ပေးသေးတာလဲ၊ ကိုယ့်ဘက်က ဘာလုပ်ပေးရမလဲ၊ တိုက်ရိုက်မသွားဘဲ ကွေ့ဝိုက်သွားလို့ရတဲ့ နည်းတွေရှိလားဆိုတာကို ကြည့်ပြီး ကိုယ့်ဘက်က လိုအပ်တာတွေ ဖြည့်ဆည်းထားပေးဖို့ပဲ လိုပါတယ်။ အချိန်တန်ရင် ဒီ ကုမ္ပဏီနှစ်ခုသာမက ဘယ် Platform ဘယ် ကုမ္ပဏီ မဆို မြန်မာစာကို Support လုပ်တော့မှာ ဖြစ်ပါတယ်။ ၁၀ နှစ်လား၊ အနှစ် ၂၀ လား လောက်အထိ တွေးမျှော်စရာ မလိုတော့တဲ့ အချိန် ရောက်နေပါပြီ။

Burmese Wikipedia Logo
Burmese Wikipedia Logo

၇။ ယူနီကုဒ်နဲ့တော့ တိုက်ရိုက်မဆိုင်ပါဘူး။ ဝီကီပီးဒီးယားမှာ ဒီနေ့ ဆောင်းပါး ၆၀၀၀ (ခြောက်ထောင်) ပြည့်ပြီး ဝစ်ရှင်နရီမှာ ၁၁၃၀၀၀ (တစ်သိန်းတစ်သောင်းသုံးထောင်) ရှိပြီဆိုတာ တစ်ခါတည်း စာရင်းတို့ထားတာဖြစ်ပါတယ်။ အကြောင်းအရာတွေကို အချင်းချင်းချိတ်ဆက်ထားပြီး ကိုးကားချက် အပြည့်အစုံ ဖော်ပြထားတဲ့ လွတ်လပ်စွယ်စုံကျမ်းတစ်ခုဖြစ်လာဖို့၊ အသံထွက်၊​ရင်းမြစ်၊ အသုံးအနှုန်း၊ ဘာသာပြန် အပြည့်အစုံပါတဲ့ လွတ်လပ်အွန်လိုင်းအဘိဓာန် ဖြစ်လာဖို့ကလည်း တတ်နိုင်သလောက် ဝင်ကူကြဖို့ပါ။ ဒါကိုလည်း ကြုံရင် ကြုံသလို ဘွန္တောလုပ်ပါတယ်။